Monday, December 8, 2014

ကြက်ဥပူတင်းပေါင်း

ကြက်ဥပူတင်းပေါင်း
(လုပ်ရတာအရမ်းလွယ်ကူ၊ မြန်ဆန်သလို၊ ခွက်ကလေးကို လှန်လိုက်တဲ့အချိန် လှပနူးညံ့လွန်းတဲ့ ပူတင်းလေးကို မြင်ရင်ဖြစ်သွားရတဲ့ ပီတိလေးကို ရစေချင်လို့ အမှားအယွင်းမရှိပဲ တစ်ခါတည်း အောင်အောင်မြင်မြင် လှလှပပ လိုက်လုပ်လို့ရအောင် ကျွန်မသိသမျှအားလုံးကို သေသေချာချာရှင်းပြထားတာမို့ စာတွေအရမ်းများနေပါတယ်။ စာများနေတာကိုကြည့်ပြီး လုပ်ရတာခက်မှာဆိုပြီး လက်မလျှော့စေချင်ပါဘူးရှင်....  )
***... ကြက်ဥပူတင်းပေါင်း အတွက် လိုအပ်တာလေးတွေ…
1. caramelized sugar
2. ကြက်ဥ အရွယ်လတ် – ၅ လုံး
3. vanilla essence – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အနံ့မွှေးရန် ထည့်တာပါ။)
4. နို့ဆီ (condensed milk) – ၁ ဗူး (395 g )
5. နို့စိမ်း (evaporated milk) – ၁ ဗူး (375 ml)
6. နွားနို့ (full cream milk) – 1/2 cup (125 ml)
***...Caramelized Sugar လုပ်ရန် လိုအပ်တာလေးတွေ…
1. သကြား – 1/2 cup (125 ml)
2. ရေ – ထမင်းစားဇွန်း ၂ ဇွန်း
သကြား နှင့် ရေ ကို medium heat ဖြင့် အပူပေးထားပါ။
သကြားများပျော်လာလျှင် သကြားများညီညီညာညာကျက်စေရန် အိုးကိုအနည်းငယ်မကာ ဟိုဖက်၊ ဒီဖက် နည်းနည်းစီဝှိုက်ပြီးစောင်းပေးပါ။ အိုးနံဘေးတွင် သကြားဂျိုးများ အရမ်းကပ်ပြီးမကျန်အောင် အနည်းငယ်သာစောင်းပေးပါ။ (ဇွန်းဖြင့် မွှေရန် လုံးဝမလိုပါ။ )
အိုးနံဘေးတွင်ကပ်လာသော သကြားဂျိုးအချို့ကို ဇွန်းဖြင့်ခြစ်ချပေးပြီး လုံးဝမမွှေပဲ အိုးကို ဟိုဖက်၊ ဒီဖက်ဝှိုက်ပြီး မကြာခဏစောင်းပေးပါ။
၁၀ မိနစ်ခန့် (သို့) အောက်ပါပုံအတိုင်း အမြှုပ်ထနေသော သကြားရည်များ ညီညီညာညာ ဝါညိုပုတ်အရောင် ပြောင်းသွားသည်နှင့် အရမ်းအတူးမြန်သဖြင့် ချက်ချင်းမီဖိုမှဖယ်ကာ …..
ပူတင်းထည့်ပေါင်းမည့် ခွက် (8.5″ x 2.5″)ထဲ ညီညီညာညာပြန့်သွားစေရန် ဖြန့်ပြီး လောင်းထည့်ထားပါ။ အမြှုပ်များ သူ့အလိုလိုကျုံကျသွားမှာ ဖြစ်ပါတယ်။ လိုအပ်သော caramelized sugar ကိုရပြီဖြစ်ပါတယ်။
ပြီးနောက် ကြက်ဥ၊ vanilla essence နှင့် နို့ဆီကို ကြိတ်စက် (blender) ထဲထည့်ကာ ၁ မိနစ်ခန့် (သို့) ကြက်ဥများတတ်နိုင်သမျှ ကြေညက်သွားအောင် ကြိတ်ပေးပါ။
အရည်များလျှံထွက်လာတတ်သလို၊ အမြှုပ်များပါ ထလာတတ်သောကြောင့် low speed ဖြင့် ဖြည်းဖြည်းချင်း ကြိတ်ပေးပါ။ (ကြက်ဥအဖတ်များ ကြေညက်လွယ်စေရန် နှင့် အမြှုပ်အများကြီး ဖြစ်မလာစေ ရန် နို့စိမ်း နှင့် နွားနို့ ကို တစ်ခါတည်းထည့်ပြီး မကြိတ်ခြင်းဖြစ်ပါတယ်။)
ပြီးလျှင် နို့စိမ်း၊ နွားနို့ နှင့် ကြိတ်ထားသော ကြက်ဥ နို့ဆီ အရည်များကို ဇလုံထဲထည့်ကာ အားလုံးပြန့်နှံ့ရောနှောသွားအောင် ဇွန်း (သို့) spatula ဖြင့် သေသေချာချာ မွှေရောပေးပါ။ (အမြှုပ်များထလာတတ်၍ ခလောက်ပြီး မမွှေရပါ။ အမြှုပ်ထပါက ပူတင်းအသားတွင် လေခိုသည့် အပေါက်များဖြစ်ကာ မလှမပဖြစ်တတ်ပါတယ်။)
သေချာစွာမွှေရောပြီးနောက် ၁၀ မိနစ်ခန့် အအေးခံထားပြီးသော caramelized sugar အပေါ်မှ ဖြန့်ပြီးလောင်းထည့်ပေးပါ။ (caramelized sugar က အနည်းငယ်နွေးနေသေးပေမယ့် မျက်နှာပြင် တင်းနေပြီဖြစ်၍ လောင်းထည့်လိုက်သော အရည်များဖြင့် ရောနှော မသွားနိုင်တော့ပါ။)
ပြီးလျှင် aluminium foil ဖြင့် ဖုံးကာ ပွက်ပွက်ဆူနေသော ရေအိုးပေါ်တင်ပြီး အိုးအဖုံး ဖုံး၍ medium heat ဖြင့် ၁၀ မိနစ်ပေါင်းပေးပါ။
(ပေါင်းသောအခါ ကြက်ဥအရည်များ အပူရှိန်ကြောင့် ပွတက်လာပြီး လျှံထွက်တတ်၍ ပေါင်းသည့်ခွက်ထဲ အရမ်းပြည့်အောင်မထည့်ရသလို၊ အပူရှိန်ပြင်းပြင်းဖြင့်လည်း မပေါင်းရပါ။)
အပူရှိန်ကို အနည်းငယ်ထပ်လျှော့ကာ ၁၅ မိနစ် ထပ်ပေါင်းပါ။
၁၅ မိနစ် ထပ်ပေါင်းပြီးနောက် aluminium foil ကို အနည်းငယ်ဖယ်ပြီး ပူတင်းထဲ ဓါးချွန်ထိုးထည့်ကြည့်ပါ။ ပူတင်းအလယ်လောက်က မကျက်သေးဟုထင်ရအောင် လှုပ်နေသေးသော်လည်း…..
ဓါးတွင်အဖတ်များ ကပ်ပါ မလာတော့ပါက ပူတင်းကျက်ပြီ ဖြစ်၍ aluminium foil နှင့် အိုးအဖုံးကို ပြန်ဖုံးပြီး မီးဖိုမီးကိုပိတ်ပါ။ (ရေနွေးငွေ့ဟပ်ကာ အပူလောင်တတ်သဖြင့် ဂရုစိုက်ပြီးလုပ်ပေးပါ။)
မီးပိတ်ထားသော မီးဖိုပေါ်မှာ ၁၀ မိနစ်ခန့် ဆက်ထားပေးပါ။
ပြီးလျှင် မီးဖိုမှဖယ်ကာ aluminium foil ကို ခွါပြီး အအေးခံထားပါ။ aluminium foil နှင့် ပူတင်းများကပ်နေတတ်သောကြောင့် သတိထားပြီး ခွါပေးပါ။ (ပူတင်းခွက်ကို အနည်းငယ်လှုပ်ကြည့်ပါက အရည်များ မကျက်သေးဟုထင်ရအောင် တုန်နေတတ်ပါတယ်။ စိတ်ပူရန်မလိုပါ။)
၂ နာရီခန့် အအေးခံပြီးလျှင် glad wrap (သို့) ပန်းကန်ပြား ဖြင့် ဖုံးကာ ရေခဲသေတ္တာ fridge (ခဲသည့်အဆင့်မဟုတ်)ထဲ အနည်းဆုံး ၃ နာရီခန့် ထည့်ထားပါ။
ပြီးနောက် အောက်ပုံပါအတိုင်း ခွက် နှင့် ပူတင်းကြား အောက်ခြေအထိ ဓါးပါးပါးလေးထည့်ကာ အနားများ ကွာအောင် ညင်ညင်သာသာ ပတ်ခွါထားပါ။
ပန်းကန်ပြားတစ်ချပ်ကို ပူတင်းခွက်ပေါ်မှောက်တင်ပြီး ပြောင်းပြန် ပြန်လှန်၍ ခွက်ကို ညင်ညင်သာသာ အနည်းငယ် လှုပ်ချပေးလျှင် ပူတင်းလေး ကျလာပါလိမ့်ည်။
နူးညံ့မွှေးပျံ့လှသော ပူတင်းကို ကြိုက်နှစ်သက်သလိုလှီးပြီးပါက ပုံစံမပျက်လှလှပပ ရစေရန် ဇွန်းကြီးပါးပါးပြားပြားကို ထိုးထည့်၍ မပြီး မိမိထည့်လိုသည့် ပန်းကန်ထဲထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
***... ၂ မိနှစ်ခွဲပူတင်း
အနည်းငယ်ပိုနေသော ပူတင်း အရည်များ 1/2 cup(125 ml) ခန့်ကို ဇောက်နက်သော ခွက်ထဲထည့်ပါ။
ထိုခွက်ကို သူ့ထက်အနည်းငယ်ပိုကြီးသည့် ပွက်ပွက်ဆူနေသော ရေနွေးထည့်ထားသည့် နောက်ထပ်ခွက်ထဲထည့်ပါ။ (ပူတင်းရည်ထည့်ထားသောခွက် တစ်ဝက်ခန့်မြှုပ်အောင် ရေနွေးထည့်ရပါမယ်။)
ပူတင်းရည်ထည့်ထားသောခွက်ကို ပန်းကန်ပြားလေးဖြင့်ဖုံးကာ microwave (1000 W) ထဲထည့်ကာ ၂ မိနစ်ခွဲခန့် အပူပေးပါ။ (၂ မိနစ်ခွဲကို တစ်ခါတည်း ဆက်တိုက် အပူပေးပါက ပူတင်းရည်များ အရမ်းပွက်ပြီး လျှံကျလာတတ်သောကြောင့် စက္ကန့် ၃၀ ကြာတိုင်း microwave တံခါးဖွင့်ပေးပါ။)
၂ မိနစ်ခွဲအပူပေးပြီးနောက် microwaveတံခါးကိုမဖွင့်တော့ပဲ ရေနွေးငွေ့ အပူရှိန်ဖြင့် ၁၀ မိနစ် ဒီအတိုင်း ဆက်ထားပြီးလျှင် အောက်ပါပုံအတိုင်း ရုပ်မလှသော်လည်း မြန်ဆန်စားကောင်းလှသော ပူတင်းလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

1 comment:

  1. The finest and best titanium eyeglass frames & equipment - Titanium
    TITNIA, Italy—The T-40's was titanium pan an all-purpose kit titanium pot manufacturer of a modern and innovative ergonomic titanium straightener design designed to replace titanium earrings the babylisspro nano titanium aging T-40. This kit

    ReplyDelete